အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၂ ဇန်နဝါရီ ၁၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ အစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ‌တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပညာရေး အဆင့်အတန်း မြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပညာသင်ယူ နိုင်ရေးနှင့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှူးများနှင့် ဆရာ ဆရာမများ စိတ်အေးချမ်းသာစွာ သင်ကြားရေး တာဝန်များကို ထမ်းဆောင်နိုင် စေရေးအတွက်အမြဲမပြတ် လမ်းညွှန်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  တက္ကသိုလ်များကို Class A, Class B, Class C စသည်ဖြင့် အုပ်စုခွဲ သတ်မှတ်၍ တိုးတက်အောင် ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျင် အနည်းဆုံး တက္ကသိုလ်တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် ဆရာဆရာမနှင့် သင်ထောက်ကူ ပစ္စည်းများပြည့်စုံလျှင် မဟာတန်းများကို ဖွင့်လှစ်နိုင်ပါကြောင်း၊

တက္ကသိုလ်များအနေဖြင့် အမှန်တကယ်တတ်မြောက်သည့် ပညာတတ်ဘွဲ့ရ လူငယ်မောင်မယ်များ မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက် ရာတွင်လည်း ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ စသည်ဖြင့်  အပြန်အလှန် လေးစားတန်ဖိုးထား၍ ဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြစေလိုကြောင်း၊

အခက်အခဲများ တွေ့ကြုံရပါက တစ်ဦးတည်း မဖြေရှင်းဘဲ စုပေါင်းညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်အဆောက်အအုံများတွင် ရေ၊ မီးနှင့် မီးသတ်စနစ်၊ မီးသတ်ဆေးဘူး အရေးပေါ်ထွက်ပေါက်များကို ပြန်လည် စစ်ဆေးထားကြစေလိုကြောင်း၊ တက္ကသိုလ် အဆောက်အအုံတစ်ခုနှင့် တစ်ခုကို အမိုးပါသော အင်္ဂတေခင်း လူသွားစင်္ကြန်များနှင့် ချိတ်ဆက်ပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဝင်မုခ်ဦးသည် ခန့်ညားထည်ဝါပြီး  တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရ မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပရဝဏ်အတွင်း ပန်းအလှများစိုက်ခြင်း၊ စာသင်ခန်းသပ်ရပ် သာယာခြင်း၊ ပတ်ဝန်းကျင် သာယာလှပခြင်း၊ အပန်းဖြေရိပ်သာ၊ အားကစားကွင်း၊ အားကစားရုံတို့ ပြည့်စုံခြင်းတို့အပြင် တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံအောင် ဖြည့်ဆည်းသွားကြမည်ဖြစ်ကြောင်း၊

ဆရာဆရာမများ၏ စားရေး၊ နေရေး အဆင်ပြေစေရန် ဝန်ကြီးဌာနနှင့် ပါမောက္ခချုပ်များ ညှိနှိုင်း၍ ပံ့ပိုးဖြည့်ဆည်းပေးကြရမည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဌာနမှူးများ၏ စီမံခန့်ခွဲမှုတာဝန်များအတွက်လည်း ထည့်သွင်းအသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊

ဆရာမဆောင်များတွင် ရေလုံလောက်ရေး၊ ရေသန့်စက်တပ်ဆင်ရေး၊ မီးမပျက်ရေး၊ ခြံစည်းရိုးပြည့်စုံရေးနှင့် အခန်းတိုင်းတွင် ထိုက်တန်သော အိပ်ခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ မီးဖိုချောင်များ ထည့်သွင်းဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် အပတ်စဉ်ဌာနတွင်း ဘာသာရပ် ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများနှင့် မိသားစုပုံစံ နွေးနွေးထွေးထွေး ဆက်ဆံကြစေလိုကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေး၊ ကျောင်း သား ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်ရေးနှင့် ဆရာဆရာမများ စားရေး၊ နေရေး၊ သင်ကြားရေးအတွက် မိသားစုသဖွယ် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

 အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာတွင် ၁၇-၁-၂၀၂၂ ရက်နေ့ မှ ၁၈-၁-၂၀၂၂ ရက်နေ့အထိ ပါမောက္ခချုပ်ကြီးများအကြား အုပ်စု (၆)ခု ခွဲခြားကာ ထိပ်တန်းတက္ကသိုလ်များဖြစ်ရေး၊ သင်ယူမှုအခွင့်အလမ်းမြှင့်တင်ရေး၊ သင်ကြားသင်ယူမှုမြှင့်တင်ရေး၊ နည်းဥပဒေကြမ်းများတည်းဖြတ်ရေးနှင့် စီမံကိန်း ရေးဆွဲရေးနှင့်ဘဏ္ဍာရေး ခေါင်းစဉ်များဖြင့် အုပ်စုလိုက် ဆွေးနွေးမှုခေါင်းစဉ်များကို Power Point ဖြင့်ပြန်လည်ရှင်းလင်းဆွေးနွေးညှိနှိုင်းကြသည်။

ယနေ့ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ‌ကောလိပ်၊  ကောလိပ်နှင့် ကောလိပ်ကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။