နေပြည်တော် ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဆရာအတတ်ပညာဦးစီးဌာန၏ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးတက္ကသိုလ် နှစ်ခုမှ ပါမောက္ခချုပ်များနှင့် ညှိနှိုင်း၍ ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ် ပို့ချပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများကလည်း ခရိုင်/ မြို့နယ်ပညာရေးမှူးများမှ ကျောင်းအုပ်၊ ဆရာဆရာမကြီးများအထိ အဆင့် အလိုက် စီမံ/ဘဏ္ဍာဆိုင်ရာ သင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးစေလိုပါကြောင်း၊
ကျောင်းများသည် ပညာသင်ကြား၊ သင်ယူမှုများ ဆောင်ရွက်ရန် နေရာ ဖြစ်ပါကြောင်း၊ ကျောင်းများတွင် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုကိုမျှ လက်မခံရန် မှာကြားလိုပါကြောင်း၊ ရရှိသည့် ပညာရေး အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးပြုကြစေလိုပါကြောင်း၊ ပညာရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်းတို့က ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာအတတ်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီတို့က ပညာရေးဒီဂရီ ကောလိပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်နှင့် ကျောင်းများ အလိုက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
