ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို ဆရာ ဆရာမများက စနစ်တကျပြုစုပျိုးထောင်ပေးကြစေလို

တောင်ကုတ် ၂၀၂၂ ဇန်နဝါရီ ၂၇

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင်  တောင်ကုတ်တက္ကသိုလ်ရှိ ပညာရတနာဘက်စုံသုံးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များကို ဆရာ၊ဆရာမများက စနစ်တကျပြုစုပျိုးထောင် ပေးကြစေလိုပါကြောင်း၊ သင်ကြားသင်ယူမှု စီမံရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် စိတ်စေတနာ အပြည့်ဖြင့် ကိုယ်ချင်းစာတရားများလက်ကိုင်ထား၍ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တက္ကသိုလ် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို ပါကြောင်း၊ တက္ကသိုလ်သုတေသနလုပ်ငန်း ဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည့် စာအုပ်စာတမ်းများနှင့် Internet ၊ Wifi ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်များအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်များ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် မိမိတို့တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာ သော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရေးအတွက် ညီညွတ်စွာလက်တွဲဆောင်ရွက်ကြစေလိုပါ ကြောင်း၊ သင်ယူမှုဝန်းကျင်ကောင်းတွင် ကျောင်းသားကျောင်းသူများအား အမှန်တကယ်ပညာ တတ်သောဘွဲ့ရသူများဖြစ်အောင် သင်ကြားမွေးထုတ်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အတွက်လိုအပ်သည့် ဘောလုံးကွင်း ပွဲကြည့်စင်၊ ကျောင်းအဝင် ကွန်ကရစ်စင်္ကြံလမ်း၊ စာသင်ဆောင်၊ အိပ်ဆောင် ၊ စာသင်ဆောင် ချင်းဆက် အမိုးပါကွန်ကရစ်စင်္ကြန်လမ်းများနှင့်လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် တောင်ကုတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာ ဆရာဆရာမများ၊ ပညာရေး မိသားစုများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးများ ပိုမိုကောင်းမွန် စေရေး မှာကြားကာ လိုအပ်သည်များကိုဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။