နေပြည်တော် ၂၀၂၂ ဖေဖော်ဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော် ဆောင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများအတွက် အရည်အသွေးပြည့်မီသော သင်ထောက်ကူပစ္စည်းများ ဆက်လက်ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် သိပ္ပံဘာသာရပ်များ စာတွေ့လက်တွေ့သင်ကြားရာတွင် အရည်အသွေးရှိသော သင်ထောက်ကူပစ္စည်းကို အသုံးပြုခြင်းဖြင့် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို ပိုမိုနားလည်စေမည်ဖြစ်ကြောင်း၊ တန်ဖိုးကြီးသော သင်ထောက်ကူပစ္စည်းများကို တန်ဖိုးရှိစွာ အသုံးချ သင်ကြားသင်ယူ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို လက်တွေ့ခန်းသုံးပစ္စည်းများ ကျွမ်းကျင်စွာအသုံးပြု တတ်အောင် စေတနာထား သင်ကြားပေးစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးဂရုစိုက်၍ ပညာကိုအမှန်တကယ် တတ်မြောက်ရန် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကျောင်းအတွင်း ဘောလုံးကွင်းနှင့် ပွဲကြည့်စင် ပြုပြင်တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူနှင့် ကျောင်းအုပ်ကြီး၊ ကျောင်းအကျိုးတော်ဆောင်တို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရေးအတွက် အားကစားကွင်းများကို အရည်အသွေးပြည့်မီစွာ တည်ဆောက်ပေးကြရန်၊ အချိန်မီပြီးစီးရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မုန့်ဈေးတန်းအဆောင်များ၊ မိုးလုံ လေလုံ အားကစားခန်းမကြီး အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ကျောင်းအတွင်း ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသားကျောင်းသူများ လက်တွေ့အသုံးချ သင်ယူနေမှုများကို ကြည့်ရှု အားပေးသည်။ ယင်းနောက် ကျောင်းဘောလုံးကွင်းများ၊ ပွဲကြည့်စင်များ၊ ပြေးလမ်းများ ပြုပြင်တည်ဆောက်နေမှုများ အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
