နေပြည်တော် ၂၀၂၂ မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့မဈေးအနီး၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက “ကျောင်းနေအရွယ် ကလေးအားလုံး ပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော မြေစိုက်ပိုစတာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း၊ ရေပန်းဥယျာဉ် မုခ်ဦးအနီး၌ ကျင်းပသည့် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားသို့လည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
