နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှင့်ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းကစတင်ပြီး သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
ယနေ့ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အတူ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြုလုပ်သည့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲနှင့်လူရွေးပွဲသို့ လာရောက်ကြည့်ရှု အားပေးသည်။
ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ အပြေး ပြိုင်ပွဲ၊ အမျိုးသား သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲနှင့် အမျိုးသမီး အမြင့်ခုန် ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် စောအောင်အောင်ချင်း (ဘားအံ-EDC)က ပထမ၊ မောင်လင်းခိုင် (ရန်ကင်း- EDC)က ဒုတိယ၊ မောင်နေလှိုင်ဦး (ထားဝယ်-EDC)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ၈၀၀ အပြေးပြိုင်ပွဲတွင် မဝိုင်းချစ် (စစ်ကိုင်း- EDC) က ပထမ၊ မသန္တာလင်း (ထားဝယ်-EDC) ကဒုတိယ၊ မဆုန်းနမ်ပါရ် (မုံရွာ-EDC) က တတိယရရှိကြသည်။
အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မောင်မျိုးချစ်အောင် (ကျောက်ဖြူ-EDC)က ပထမ၊ မောင်ရာဇာဦး (မန္တလေး-EDC)က ဒုတိယ၊ မောင်ဟိန်းထက်အောင် (ပခုက္ကူ-EDC)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မဖြိုးဖြိုးခိုင် (ထားဝယ်-EDC)က ပထမ၊ မပြည့်ရတနာဖြိုး (မြောင်းမြ) က ဒုတိယ၊ မလှဦး (တောင်ကြီး)က တတိယ ရရှိကြသည်။
အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် မောင်မင်းဇင်ဟိန်း (ပုသိမ်-EDC)က ပထမ၊ မောင်မင်းခန့် (မကွေး-EDC)က ဒုတိယ၊ မောင်ရှိုင်းဇော် (မိတ္ထီလာ-EDC)က တတိယရရှိကြပြီး အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် မသီသီဟန် (မကွေး-EDC)က ပထမ၊ မဇူးဇူးအောင် (ဘိုကလေး-EDC)က ဒုတိယ၊ မနန်းမွေဖောင် (လားရှိုး-EDC)တတိယ ရရှိကြသည်။ အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် မအိအိဖြိုး (လားရှိုး-EDC) က ပထမ၊ မဆုပြည့်ပြည့်ဦး (ထားဝယ်-EDC)က ဒုတိယ၊ မအေးအေးမိုး (ဘားအံ-EDC)က တတိယ ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုရရှိသည့် အားကစားမောင်မယ်များအား ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်သည့် ဒေါ်သူဇာရှိန်၊ ဒေါ်အေးဖြူဇင် တို့က ဆုများကို ချီးမြှင့်ပေးကြသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B)ရုံ၌ကျင်းပသည့် အမျိုးသမီး ဘော်လီဘောပွဲစဉ်နှင့် အမျိုးသား ဘော်လီဘောပွဲစဉ် တတိယနေရာလုပွဲကို လာရောက်ကြည့်ရှုအားပေးသည်။ အမျိုးသမီး ပွဲစဉ်တွင် ထားဝယ်ပညာရေး ဒီဂရီကောလိပ်အသင်းက ဘိုကလေးပညာရေး ဒီဂရီကောလိပ် အသင်းကို ၃ ပွဲ -၁ ပွဲဖြင့် လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် လှည်းကူးပညာရေး ဒီဂရီကောလိပ် အသင်းက ပြည်ပညာရေး ဒီဂရီကောလိပ်အသင်းကို ၃ ပွဲ - ၂ ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိကာ တတိယ ရရှိကြသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မကွေးဇုန်အသင်းက မန္တလေးဇုန်အသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့်လည်းကောင်း၊ မော်လမြိုင်ဇုန်အသင်းက တောင်ကြီးဇုန်အသင်းကို ၃ ဂိုး -ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။ ညနေပိုင်းတွင် အားကစားမောင်မယ်များသည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အတွင်းရှိ ရေကူးကန်နှင့် အားကစားလှုပ်ရှားမှုပြခန်းကို သွားရောက်လေ့လာကြသည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲမှ ပြေးခုန်ပစ် ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်း (အမျိုးသား) တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲပွဲစဉ်များကို လည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ အုပ်စုပွဲစဉ်များ ကိုလည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
