Naypyitaw State Academy ဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော်၂၀၂၂ နိုဝင်ဘာ ၉

 

ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် ပညာ‌ရေးဝန်ကီးဌာန Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချပ်ရေးကောင်စီဥကနိုင်ငံ‌တော်ဝန်ကီးချပ် ဗိုလ်ချပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပီး အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာနှင့် ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြား ထားသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့က Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

စက်ခလုတ်နှိပ်ဖွင့်လှစ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Naypyitaw State Academy ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး Naypyitaw State Academy ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Academy ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ ပထမထပ်ရှိ Function Hall အတွင်း Naypyitaw State Academy ဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပရာ ယဉ်ကျေးမှုတက္ကသိုလ်မှ  ဆရာမများ၊ ကျောင်းသူ များနှင့် အနုပညာရှင်များက Naypyitaw State Academy အဖွင့်သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် အဆင့်မြင့်ပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုကို မြို့တော်နေပြည်တော်တွင် ဖွင့်လှစ်နိုင်သည့်အတွက် ကျက်သရေ မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ် အခမ်းအနားဖြစ်ပါကြောင်း။

 

ရွေးချယ်သင်ယူလေ့လာနိုင်

Naypyitaw State Academy ကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နေပြည်တော်ကို ပညာရေး မြို့တော်ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း မိသားစု များ၏ သားသမီးများ၊ နေပြည်တော် ၈ မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ ဒေသခံပြည်သူများ၏ သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ရန် ဖြစ်ပါကြောင်း။

ထို့ပြင် ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုကို အခြေခံသည့် သင်ကြားသင်ယူမှုကို အလေးထား အားပေးပြီး အသုံးချသုတေသနများနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင် ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ် (The Leading University for Wisdom) ဖြစ်စေရန်အတွက် ဦးတည်ချက်ထားကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ အသိပညာ အတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် စိတ်ဓာတ်ကောင်းမွန်သော ပညာတတ်နိုင်ငံ့သား ကောင်း ရတနာမွန်များကို မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။

 

လေးလေးနက်နက် ဖော်ညွှန်းထား

Naypyitaw State Academy အမှတ်တံဆိပ်ဆောင်ပုဒ်သည် “ပညာဧဝ အဓိပတိ” ဟု သတ်မှတ် ထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါဆောင်ပုဒ်မှာ “ပညာသည်သာ အရှင်သခင်၊ ပညာသည်သာ အကြီးအမှူး၊ ပညာသည်သာ ဦးဆောင်သူ” ဖြစ်သည်ဟု လေးလေးနက်နက် ဖော်ညွှန်းထားခြင်းဖြစ်ပါကြောင်း၊ ပညာကို ဦးထိပ်ပန်ဆင်ကာ ပညာကိုအထွတ်အမြတ်ထားပြီး သင်ယူလေ့လာနိုင်သည့်ဌာနကြီးဖြစ်သည်ဟု ရည်ညွှန်းထားသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း။

 

အားဖြည့်သင်ကြား လေ့ကျင့်ပေးကြမည်

Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ မဟာဌာနကြီးများ  ဖွဲ့စည်းထားရှိသည့် အတိုင်း ယခုတက္ကသိုလ်တွင်လည်း မဟာဌာနကြီးများ ဖွဲ့စည်းကျင့်သုံး ထားသည်ကို တွေ့ရပါကြောင်း၊ မဟာဌာနကြီးများဖြစ်သည့် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာမဟာ ဌာနများ ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ အရည်အချင်းပြည့်ဝသည့်ဆရာ၊ ဆရာမများအပြင် နေပြည်တော် ရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ်ကျမ်းကျင်သူ ပညာရှင်ကြီးများ ကိုပါစုစည်းပြီး တက္ကသိုလ်ကြီးတွင် အားဖြည့်သင်ကြား လေ့ကျင့်ပေးကြမည်ဖြစ်သဖြင့် များစွာအားရ ကျေနပ်မိပါကြောင်း။

Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တတိယနှစ် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ဘွဲ့လွန်တန်းများဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်း များအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်လည်း အားတက်  စရာ ဖြစ်ပါကြောင်း။

ယနေ့ခေတ်တွင် ယခုဖွင့်လှစ်သည့် Naypyitaw State Academy ကို ထည့်သွင်း ရေတွက်မည် ဆိုပါက ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု ၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင် ကြားလျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ နေပြည်တော်တွင်လည်း Naypyitaw State Academy၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ် တို့ရှိပြီး မကြာခင် အချိန်တွင်လည်း နည်းပညာတက္ကသိုလ်အဆင့် တိုးမြှင့်မည့်တက္ကသိုလ်တစ်ခု ပေါ်ထွက်လာမည်ဖြစ်၍ ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေပြီဖြစ်ပါကြောင်း။

 

ပညာရှင်များအရေအတွက်များများမွေးထုတ်

Naypyitaw State Academy ကို အရည်အသွေးမြင့်သည့် သင်ကြားသင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်း သုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံဖြည့်ဆည်းကာ စာသင်ကောင်းပြီး အမှန်တကယ်တော်သည့် ဆရာများက သင်ကြားကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များကဲ့သို့ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်အောင် ဖွင့်လှစ်တည်ထောင် မြှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လည်း ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မားသည့်အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံ သော ဘွဲ့ရပညာတတ်၊ ပညာရှင်ကြီးများဖြစ်အောင် သင်ကြားလေ့ကျင့် မွေးထုတ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသွားရမည်ဖြစ်ပြီး နောင်တွင် အရည်အသွေး မြင့်မားသည့် ပညာရှင်များ အရေအတွက်များများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

တစ်ဆက်တည်း ပြောကြားလိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီမှ အနည်းဆုံး တက္ကသိုလ်တစ်ခုတွင် ပါရဂူဘွဲ့ချီးမြှင့်သည့် သင်တန်းတစ်ခု အနည်းဆုံး ဖွင့်လှစ်ရန်နှင့် ယင်းပါရဂူဘွဲ့ သင်တန်း ဖွင့်လှစ်သည့် တက္ကသိုလ်တစ်ခုစီကိုလည်း တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း။

အဆိုပါ ပါရဂူတန်းဖွင့်လှစ်သည့် တက္ကသိုလ်ကြီးများသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ဖြစ်လာ စေရေး ကြိုးပမ်းသွားကြရန်နှင့် လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းက အရှေ့တောင်အာရှတွင် ဂုဏ်သတင်းကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကဲ့သို့ တက္ကသိုလ်အဆင့်အတန်းအထိ မြင့်မားတိုးတက် အောင် ကြိုးစားအားထုတ်ကြရန် တာဝန်ရှိသူအဆင့်ဆင့်နှင့် ဆရာ ဆရာမများအားလုံးကို တိုက်တွန်း ပြောကြားလိုပါကြောင်း။

ဆက်လက်လေ့လာဆည်းပူးနိုင်မည်

နိုင်ငံသားတိုင်း လူတန်းစေ့ နေထိုင်ရှင်သန်နိုင်ရန်အတွက် အနည်းဆုံး အတတ်ပညာတစ်ခုခုကို တတ်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ တွင် အထက်တန်းကျောင်း တစ်ကျောင်းစီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ပညာရပ်များကို တွဲဖက်သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ အလားတူ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားသည့်ကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ သတ်မှတ်အရည်အချင်းပြည့်မီပါက သက်ဆိုင်ရာတက္ကသိုလ်များ၌ အဆင့်မြင့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း။

“ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများဖြင့်အစပြု” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပညာရှင်ဆရာ၊ ဆရာမများက ပညာရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှသာ သင်ယူသူ ကျောင်းသား၊ ကျောင်းသူများကလည်း ပညာရေးတိုးတက်မည်ဖြစ်ပါကြောင်း၊ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသည့် မြန်မာ့ဆိုရိုးအတိုင်း အရည်အချင်းပြည့်ဝပြီး ဘက်စုံထူးချွန်သည့် ဆရာကျင့်ဝတ်နှင့် ညီညွတ်သော ဆရာ၊ ဆရာမများနှင့်သာ မိမိတို့တပည့်များကို လူတော်လူကောင်း ဖြစ်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်အောင် မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။

နေပြည်တော်၌ Naypyitaw State Academy ဖွင့်လှစ်ပြီး အဆင့်မြင့်ပညာရေးအတွက် အားဖြည့်ပေးသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ၊ ကျောင်းများတွင်လည်း ပညာအဆင့်မြင့်သည် ထက် မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ပြီး မြန်မာ့ပညာရေးကို မြှင့်တင်ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှဖွင့်လှစ်ပေးသည့် Naypyitaw State Academy တွင် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကို သင်ယူပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံတော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားကြရန်၊ ယခုတက္ကသိုလ်ကြီးက ပညာရှင် ပညာတတ်များ စဉ်ဆက်မပြတ်မွေးထုတ်ပြီး အနာဂတ်ခေါင်းဆောင်များ၊ နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာအောင် ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံအကျိုးပြု သင်ကြားလေ့ကျင့်ပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ Naypyitaw State Academy ကြီး အဆင့်မြင့်သည်ထက်မြင့်၊ ကောင်းသည် ထက်ကောင်းပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးတစ်ခုအဖြစ် တက်လှမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် မိထ္တီလာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ထိပ်တန်းတက္ကသိုလ် သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဆက်လက်၍  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Academy အတွင်းရှိ လက်တွေ့ခန်း၊ စာသင်ခန်းများ၊ စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုပြီး Naypyitaw State Academy ပုံစံငယ်အား ကြည့်ရှုကြသည်။

အဆိုပါ Naypyitaw State Academy ကို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် ယခုနှစ်ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကာ နေပြည်တော်ရှိ အစိုးရ ဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့် အဆင့်မြင့်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။