နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၂
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ကြည့်ရှုအားပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် မိတ္ထီလာပညာရေးဒီဂရီကောလိပ်အသင်းနှင့် ဘားအံပညာရေးဒီဂရီ ကောလိပ်အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများ ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် (၁၃)မိနစ် တွင် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ ကျောနံပါတ်(၇)က အဖွင့် ဦးဆောင်ဂိုး ကို လှပစွာသွင်းယူရရှိခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း မိတ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းက ပွဲကစားချိန် (၄၅)မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး ပထမပိုင်းပွဲ ကစားချိန်ပြီးဆုံးခဲ့သည်။
ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၆၀ တွင် ဘားအံ ပညာရေးဒီဂရီကောလိပ်အသင်းက အလွတ်တည်ကန်ဘောမှတစ်ဆင့် ဒုတိယဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း မိတ္ထီလာပညာရေးဒီဂရီကောလိပ်အသင်းက ပွဲချိန် ၇၂ မိနစ်တွင် ချေပဂိုးထပ်မံ သွင်းယူနိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၉၀ တွင် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းက တတိယ အနိုင်ဂိုးသွင်းယူခဲ့သဖြင့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးရန်ကျော်က အကောင်းဆုံးဂိုးသမားဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ ဂိုးသမား စောလူမင်းအောင်ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခွန်စံလွင်က အကောင်းဆုံး နောက်တန်းအားကစားသမားဆုရရှိသည့် မကွေးပညာရေးဒီဂရီကောလိပ်အသင်းမှ မျိုးလင်းအောင်ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက အကောင်းဆုံး အလယ်တန်းအားကစားသမားဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ ရဲသွေးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုက အကောင်းဆုံး ရှေ့တန်း အားကစားသမားဆုရရှိသည့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်အသင်းမှ ချိုတူး ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ စောတူးတူးဘီ ကိုလည်းကောင်း တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်းက တတိယဆုရရှိ သည့် မကွေးပညာရေးဒီဂရီကောလိပ်အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒုတိယဆုရရှိသည့် မိတ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းကို ငွေသားဆု နှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ သည်။
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်အနက်မှ လူမှုရေးဦးတည်ချက်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူ ဖြစ်စေ ရန်၊ အားကစား ပွဲတော်မှထွက်ပေါ်လာမည့် ထူးချွန်အားကစားသမားများမှသည် နိုင်ငံတော်အတွက် အားထားရသော မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်းနှင့် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲကိုလည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရန်ရှိကြောင်းလည်း သိရသည်။
