နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၄
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်များကို ယနေ့မွန်းလွဲ ၃နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ သတ်မှတ်ထားသည့် လေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ ကြည့်ရှု အားပေးကြသည်။
အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်ဇုန်အသင်းက မန္တလေးဇုန်အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့်အနိုင်ရရှိပြီး တောင်ကြီးဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ သည် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျသည်။
ယနေ့ကစားခဲ့သည့် အုပ်စု(ခ)၏ အုပ်စုပတ်လည်ပြိုင်ပွဲအပြီးတွင် ရမှတ်များအရ မော်လမြိုင် ဇုန်အသင်းက အုပ်စုပထမဖြင့် လည်းကောင်း၊ မကွေးဇုန်အသင်းက အုပ်စုဒုတိယဖြင့် လည်းကောင်း ဆီမီးဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်သွားကြသည်။ ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(က) တွင် ရန်ကုန်ဇုန်အသင်းက အုပ်စုပထမ၊ ပုသိမ်ဇုန်အသင်းက အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့ပြီးဖြစ်ရာ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်ဇုန်အသင်းနှင့် မကွေးဇုန်အသင်း၊ ညနေပိုင်းတွင် မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကြောင်း သိရသည်။
