နေပြည်တော် ၂၀၂၃ မတ် ၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပသည့် ကလောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ နှင့် တွေ့ဆုံပွဲသို့တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် ပညာရေးလုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရန် ပညာရေးမိသားစုများအချင်းချင်း အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(အင်းပြင်) အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းသို့ သွားရောက်၍ စာတတ်မြောက်ရေး သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ စာသင်သားများနှင့် နည်းပြများကို စာတတ်မြောက်ရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ အထက(၁)အေးသာယာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
