ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားကစားသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါရှိ

တောင်ကြီး ၂၀၂၃ မတ် ၄

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုး‌ဇော်ထွန်းသည် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် စာကြိုးစားကြမှသာလျှင် နောင်တစ်ချိန်တွင် ဆရာ ဆရာမ ကောင်းများဖြစ်လာမည် ဖြစ်သည့်အတွက် စာကြိုးစားကြရမည် ဖြစ်ကြောင်း၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားကစားသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါရှိပြီး ကိုယ်လက်ကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍကိုလည်း စိတ်ပါဝင်စားစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ ဆရာမများ အနေဖြင့်လည်း အနာဂတ်တွင် ဆရာ ဆရာမများ ဖြစ်လာမည့် ကျောင်းသား ကျောင်းသူများကို စေတနာထား၍ သင်ကြားပြုစုပျိုးထောင် ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ဆဲ စီမံကိန်းများ၊ ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများနှင့် ထပ်မံဖွင့်လှစ်မည့် သင်တန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့အတူ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့ အ‌ခြေခံပညာ အထက်တန်းကျောင်း (အောင်သပြေ)၊ ကလောမြို့နယ် ဟဲဟိုးမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အောင်ပန်းမြို့ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။