တောင်ကြီး ၂၀၂၃ ဧပြီ ၂၉
၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပသည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက လူရည်ချွန် အပန်းဖြေစခန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဩဝါဒစကား လမ်းညွှန်မှာကြားချက်များကို လေးစားလိုက်နာကျင့်ကြံနေထိုင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူရည်ချွန်လူငယ်မောင်မယ်များ လူရည်ချွန်စခန်းများတွင် စခန်းချနေထိုင်စဉ်ကာလအတွင်း ပညာရေးဆိုင်ရာ ဟောပြောပွဲများ၊ စာပေဗဟုသုတ နှီးနှောဆွေးနွေးခြင်းများ၊ ပတ်ဝန်းကျင် ပြည်သူ့ဘဝလေ့လာရေးနှင့် ဒေသလုပ်ငန်းများ၊ ဒေသထွက်ကုန်များနှင့် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လက်မှုပညာများနှင့် ဒေသန္တရဆိုင်ရာ ဗဟုသုတများကို လေ့လာဆည်းပူးခွင့် ရရှိမည်ဖြစ်ကြောင်း။
လူရည်ချွန် လူငယ်မောင်/မယ်များအနေဖြင့် ကျောင်းသားကျောင်းသူများ၏ စံနမူနာပြ လူငယ်များပေါ်ထွန်းလာစေရန် စသည့်အချက်များနှင့် ပြည့်စုံအောင် ကြိုးစားသွားကြစေလို ကြောင်း၊ ဆက်လက်သင်ယူရမည့် ပညာရပ်နယ်ပယ်များတွင် ထူးချွန်ထက်မြက်အောင် ဆက်လက်အားထုတ် ကြိုးပမ်းကြရန်နှင့် တတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာ များဖြင့် မိမိတို့ဒေသ၊ ဌာန၊ အဖွဲ့အစည်းကို ကောင်းမွန်စွာ ခေါင်းဆောင်မှုပေးနိုင်သည့် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်ကောင်းဖြစ်အောင် ရည်မှန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူရည်ချွန်ကျောင်းသား တစ်ဦးကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသူ တစ်ဦးကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူရည်ချွန် မောင်/မယ် နှစ်ဦးကိုလည်းကောင်း ရင်ထိုးတံဆိပ်များ တပ်ဆင် ပေးအပ်ကြကြောင်း သိရသည်။
