နေပြည်တော် ၂၀၂၃ ဇွန် ၁၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ကျင်းပသည့် ပညာရေးဖိုရမ်သို့တက်ရောက်ခဲ့သော ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်ဆန်းဝင်းနှင့်အတူ ဇွန် ၁၁ရက် ည ၈နာရီတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေးဆိပ်၌ ကြိုဆိုကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံတွင်ရှိစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းသိပ္ပံနှင့် အဆင့်မြင့်ပညာဆိုင်ရာ ပညာရေးဝန်ကြီးဦးဆောင်သည့် ရုရှားပညာရေးအဖွဲ့နှင့် တွေ့ဆုံကာ ကျောင်းသား၊ ဆရာ ဆရာမများ ပညာတော်သင် အပြန်အလှန်စေလွှတ်ရေး၊ ရုရှားဘာသာစကား သင်ကြားရေး၊ စာချွန်လွှာလက်မှတ်ရေးထိုးရေး၊ ရုရှားဘာသာစကားစင်တာ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါပညာရေးဖိုရမ်ကို Shaping the Future (အနာဂတ်ကို ပုံဖော်ခြင်း) ခေါင်းစဉ်ဖြင့် အနာဂတ်ပညာရေးမြှင့်တင်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ အတွေ့အကြုံနှင့် အမြင်ချင်းဖလှယ်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဇွန် ၇ရက်မှ ၉ရက်အထိ ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီး ၂၂ ဦး နှင့် ပညာရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
