နေပြည်တော် ၂၀၂၃ ဇွန် ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် Naypyitaw State Academy သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ဒုတိယ နှစ်ဝက် ပညာသင်ကာလအစကတည်းက အပတ်တကုတ် သင်ယူလေ့လာကြစေလိုကြောင်း၊ ဆရာ ဆရာမများ သင်ကြားသည်ကို နားလည်သည်အထိ သင်ယူမှတ်သားရမည် ဖြစ်သကဲ့သို့ အင်တာနက်နှင့် စာကြည့်တိုက်မှ ဖြည့်စွက်လေ့လာကြရမည် ဖြစ်ကြောင်း၊ ဘဝရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး ရည်မှန်းချက်ပေါက်မြောက်အောင် ကြိုးစားလျှင် အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အားကစားခန်းမသို့ သွားရောက်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ပံ့ပိုးပေးထားသော အားကစားပစ္စည်းများကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများ အားလပ်ချိန်တွင် လာရောက်ကစားမှုများကို အားပေးရန်မှာကြားကာ စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးကာ ကျောင်းသား ကျောင်းသူများအား အမှန်တကယ် ထူးချွန်ထက်မြက်အောင် သင်ကြားလေ့ကျင့်ပေးရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
