၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၃ ဇွန် ၂၂

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အားပေးသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲသည် တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သည့် တက္ကသိုလ်ကျောင်းသား အားကစားသမားများကို ရွေးချယ်လေ့ကျင့်ပြီး ASEAN University Games (AUG) ဟုခေါ်သည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ပင်ဖြစ်ကြောင်း။

 

ဘောလုံးအားကစားမှသည် မိမိတို့၏ တစ်ကိုယ်ရေကြံ့ခိုင်ပြီး ကျန်းမာရေးကောင်းကျိုးကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကောင်းကျိုးမှတစ်ဆင့် အသင်းအဖွဲ့နှင့် ကစားရသည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စည်းလုံးရေးစိတ်ဓာတ်ကို ရရှိစေမည်ဖြစ်သည့်အပြင် ထူးချွန်သည့် ဘောလုံးအားကစားသမားများကိုလည်း လာမည့် ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ဘောလုံးလက်ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့်မှ နိုင်ငံတော်အဆင့်၊ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်စေရေး ရည်မှန်းချက်ထား၍ မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးပမ်းအားထုတ်သွားကြရန် အလေးအနက်တိုက်တွန်းပြောကြား၍ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များမှ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ဆက်လက်၍ အခြေခံပညာ ကျောင်းသား ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းဖွား အကများဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် အဖွင့်ပွဲစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန (က) အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

 

ယနေ့ပြိုင်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က) အသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ၅ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲ၌ အုပ်စု (က) တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (က) အသင်း၊ ပညာရေးဝန်ကြီးဌာန (ခ) အသင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်း၊ အုပ်စု(ခ)တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ အုပ်စု(ဂ)တွင် ပညာရေးဝန်ကြီးဌာန (က)အသင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ) အသင်းတို့ ပါဝင်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။